``နိုးထခြင်း´´
…………………………………
သတိတရား လက်လွှတ်မိလို့
မစ္ဆရိယတန်ခိုး တစ်ခါတစ်ခါ
နိုးကြွတဲ့အခါမှာ ဓမ္မရဲ့အကျိုးက
ရင်ကိုမတိုးနိုင်ဘူး အမေ…
ပညာတွေစုံရင်
ပြန်လာခဲ့မယ် ဆိုပေမယ့်
လျှောက်ချင်တဲ့လမ်းနဲ့ လျှောက်နေမိတဲ့လမ်း
သမုဒ္ဒရာရဲ့ဟိုမှာဘက်နှင့်သည်မှာဘက်
ခြားနာနေတဲ့အခါ ရည်မှန်းထားတဲ့
အောင်ပန်းဆိုတာလည်း အရယူဖို့
ခက်သားလား အမေ…
လုပ်သင့်တာကို မလုပ်မိလို့
ဖြစ်သင့်တာတွေ ဖြစ်ချင်တာတွေ
ဖြစ်မလာတဲ့အခါမှာ မြင်မြင်သမျှ
ပတ်ဝန်းကျင်ဟာ ကျွန်တော့်အတွက်
အလင်းမဲ့လို့နေခဲ့တယ်…
ပေးဆပ်ခြင်းတွေ ဆိတ်သုဉ်းနေတဲ့
ရယူခြင်းတွေမှာ အလိုရှိတဲ့အရာတိုင်းကို
အလိုရှိတဲ့အခါတိုင်း လက်ဖြန့်တောင်းဖို့ကျတော့
ကျွန်တော့်လိပ်ပြာတွေ အဲဒီလောက်
မသန့်ရှင်းခဲ့ဘူး အမေ…
အသစ်ပြန်မဖြစ်တော့တဲ့
ရှုံးနိမ်ခြင်း အဟောင်းတွေကို
အရောင်တင်ပြီး မီးပူတိုက်ပေးနေမိတော့
ဒဏ်ရာဟာလည်း ကျက်သင့်လျက်နဲ့မကျက်
ရင်းသည်ထက်ရင်း ဝေဒနာဟာ
ပိုပိုပြင်းလာတယ်လေ…
မနက်ဖြန်မှ…မနက်ဖြန်မှ…ဆိုပြီး
ရက်ချိန်းတွေ ပေးခဲ့ပေမယ့်
မနက်ဖြန်ကိုသာ ရောက်လာတယ်
ရှုံးနိမ့်ခြင်းနောင်တတွေထဲက
တိုးထွက်ဖို့တော့ အဆင်သင့်
မဖြစ်ပြန်ဘူး အမေ…
ဒီတစ်ခါတော့ ကျွန်တော့်ရဲ့
မနက်ဖြန်တွေကို ပြန်ပြီးအသက်သွင်းမှ
ဖြစ်တော့မယ် အမေ
ကိုယ့်ဘဝကို နောင်တသံသရာထဲမှာပဲ လုံးပါး,ပါးသွားမှာကိုတော့ စိုးမိတယ်လေ…
မြသားချို
၅.၁၂.၂၀၁၅
စနေ.နံနက်ခင်း
No comments:
Post a Comment