Sunday, October 20, 2019

"မြို့ကြီးပြကြီးနဲ့သာသနာ့ရေစီးကြောင်း

ဘုန်းကြီးတပါးရေးတဲ့ကဗျာ

"မြို့ကြီးပြကြီးနဲ့သာသနာ့ရေစီးကြောင်း"

မြို့နယ်သံဃနာယက
ဆိုင်းဘုတ်နဲ့ကျောင်းဆောင်ကို 
ခေါင်းထောင်ကြည့်လိုက်တော့
ဝရံတာမှာ 
ကလေးနို့လှန်တိုက်နေရှာတဲ့
သားသည်မိခင်ကိုတွေ့ရ..…

မဆန်းပါဘူးလေ...
ကျောင်းတိုင်းလိုလိုမှာ
သင်္ကန်းနဲ့ပုဆိုးထဘီ
တစ်တန်းထဲလှန်းနေတာ
ရိုးရာလိုဖြစ်နေပြီဆိုမှတော့...

ကျောင်းတို့ရဲ့ရိုးရာ
မျိုးဘာသာဖျက်ပွဲတစ်ခုလို့ပဲ
မှတ်ယူရုံပေါ့။

စိတ်ပြေလက်ပျောက်
ဘုရားတွေလျှောက်ဖူးတော့
ခြောက်ထပ်ကြီးစောင်းတန်းမှာ
ဘော်လီတွေ
ဆိုဒ်စုံရတယ်ဆိုတာလည်းတွေ့ရ…

ဪ…
သားအဖတွေစည်းလုံးနေပုံများ
ပြည့်လျှံအဖုံးပွင့်ထွက်နေတဲ့
စည်ပင်အမှိုက်ပုံးကြီးလို...။

ဒီလိုနဲ့သာသနာဟာ...
ယင်တွေတဝီဝီနဲ့စည်စည်ကားကား.....
နွားကျောင်းသားလက်ထဲက
ပုလွေသံလောက်မှမချိုသာတော့…။

" ဒါနတော ဘောဂဝါ "တွေ
လှိုင်လှိုင်ပြောပီး 
ဘဏ်တိုးတွေနဲ့
အမျိုးတွေနဲ့နှပ်နေကြတာလည်း
ဓမ္မကထိကလက်သစ်တစ်ချို့ရဲ့
ခရိုနီဈေးကွက်နည်းစနစ်တစ်ခု…။

သူ့ကျောင်းမှာ…
သင်္ကန်းအပြဲနဲ့ကိုရင်လေးက 
ခြုံစရာစောင်မရှိ…။

သာသနာမျိုးဆက်သစ်လေးဟာ
သူ့အမျိုးမဖြစ်တာ တစ်ခုထဲနဲ့တင်
လေမတိုက်ပဲ လဲပေးလိုက်ရတဲ့
သစ်ပင်လေးပေါ့…။

နောက်မှ…လူကြားကောင်းအောင်
သာသနာကုန်ကြမ်းတွေရှားကြောင်း...
အနာဂတ်အတွက်…ရတက်မအေးဟန်
ဝမ်းခေါင်းလေသံကြီးနဲ့
ဟန်ပါပါ…ညည်းကြတာပေါ့လေ…။

တရားခံဟာ…တရားလိုပဲဆိုတာ
အဖြေမပေါ်ခင် တစ်နေ့အထိ
အဆင်ပြေနေပါလိမ့်ဦးမယ်…။

လပြည့်ည ရွှေတိဂုံမှာတော့...
ရွှေတွေပုံနေတော့ ဝင်းနေတာပဲ။
ဘုရားရှေ့မှာ
တရားနဲ့မွေ့နေတဲ့သူထက်
ဖုန်းတကားကားနဲ့ 
ဆယ်ဖီသမားတွေရယ်
အီစီကလီညုနေတဲ့
သမီးရည်းစားတစ်စုရယ်...
သင်္ကန်းဝတ်သူတောင်းစားတွေရယ်...
လပြည့်ညမှာ...
ပြည့်ပြည့်ဝဝ ဖူးလိုက်ရတယ်…။

ထမင်းဆိုင်တွေကလည်း 
အပြိုင်အဆိုင် ...
"အရှင်ဘုရားတို့
ဝက်သားနဲ့လား?
ကြက်သားနဲ့လား?
ကြိုက်သလိုစား
တစ်ပွဲ ထောင့်ငါးရာ"တဲ့…။

ညကြီးအချိန်မတော်
သူဘယ်လိုများ
အော်ထွက်ပါလိမ့်...
ကြားစက…စိတ်ထဲထင့်သွားတယ်။

နောက်မှ ...
ပါရာဇိကဏ် ဝိနီတဝတ္ထုထဲက
မက္ကဋီမျောက်မကို
အာရုံပြုကြည့်မိရင်း
သဘောပေါက်တယ်။
ဪ... အားလုံးကို
သူ့ဖောက်သည်တွေဆိုတဲ့
အကြည့်မျိုးလေ။

မန္တလေး
ဂေါဝိန်ဆိပ်ကမ်းလမ်းမှာလည်း
ညဘက် အပြန်...
မအောင့်နိုင်လို့
ကျင်ငယ်ဆင်းစွန့်တော့
အနားမှာ ဒကာတစ်ယာက်
တိုးတိုးလေးကပ်လျှောက်တယ်။
"လုပ်ဦးမလား?
တစ်သောင်းပဲထား”တဲ့။

ဪ....အားလုံးကို
မက္ကဋီ မျောက်မတွေက 
ဖောက်သည်လို ကြည့်ကုန်ပြီ ...။

ပိုက်ဆံအိတ် ဖောင်းဖောင်းနဲ့
ကားအကောင်းစားကြီးများ
ကျောင်းထဲဝင်လာရင် 
ခြေသလုံး ပြေးမဖက်ရုံတမယ် 
သာသနာကို ကာကွယ်နေတဲ့ 
သာသနာစောင့်
ကျောင်းထိုင်ဘုန်းတော်ကြီးများလည်း ရှိရဲ့။ 

ကျောင်းရှေ့ မျက်နှာသာမှာလည်း...
ဆိုင်ခန်းတွေအသီးသီးနဲ့
ဘုန်းကြီးတို့…
အမျိုးစောင့်ရှောက်ထားပုံများ...
ကုသိုလ်လည်းရ…ဝမ်းလည်းဝဆိုပဲ။

အထပ်မြင့်ကျောင်းကြီးတွေဆောက်ဖို့..
နှိုးဆော်စာ ဆိုင်းဘုတ်က 
"သဗဗှဒါနံ ဝိဟာရဒါနံ ဇိနာတိ"တဲ့။

စာသင်သားတစ်ပါး လက်ခံဖို့ကျ 
ဒီအထပ်မြင့်ကျောင်းကြီးတွေမှာ
ကျောတစ်နေရာစာ နေရာ
အတော်ရှားတယ်။

ကျောင်းကြီးလည်းပြီးရော..
မောင်းတီးပြီး အမျိုးတွေခေါ်ထားကြ..
ဒီလိုနဲ့...ကျောင်းတွေဟာ
ပရိယတ်အသံတိတ်လို့
ထဘီတန်းတွေ…
ကျောင်းခေါင်ချိတ်ကုန်ပြီ။

"စိရံ တိဋ္ဌတု"အသံကောင်းဟစ်ဟစ် 
တစ်မြို့လုံးကြားအောင်
လော်တပ်ပြီး ပဋ္ဌာန်းရွတ်ရွတ်

ဒီအညစ်တွေ ...
ခေါင်းကစပြီး လောင်းမရှင်းသရွေ့
ဒီသာသနာဟာ ဘယ်တော့မှ
လင်းလာမှာမဟုတ်။

ကိုယ့်အမှောင်နဲ့ကို
မျက်နှာပြောင်တိုက်ပြီး
အမိုက်ပြိုင်နေပုံများ ...

ဆွမ်းစားဝိုင်းမှာ
ကားကြောင်းတွေလှိုင်လှိုင်
ကျောင်းချင်းတပြိုင်ပြိုင်နဲ့
ဓမ္မအသံတွေ ဆိတ်သုဉ်းလို့...
"ဒီနေ့ကပ်တဲ့ ဝက်သားဆွမ်းက
မနေ့က သုံးထပ်သားလောက်
မလန်းဘူး"ဟု လေးထပ်ကျောင်းထိုင်
ဆရာတော်တစ်ပါးကလည်းမိန့်…။

သဲစိုပေါ် ဗိုက်မှောက်ပြီး
ပိဋကတ်တော်များ
မပျောက်ပျက်အောင်
စောင့်ရှောက်လာခဲ့တဲ့ 
ရှေးဆရာ မထေရ်ကြီးများ...
ဘဝဂ်ဘုံမှာရှိသေးရင်
ဒီအသံတွေကြား
ဘယ်လောက်များ နားခါးရှာမလဲ။

ဝေသာလီမှာ
အငတ်ကပ်ဆိုက်တော့...
"မြေလှန်ပြီး မြေဆီထုတ်ကပ်မယ်"ဆိုတဲ့
တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ကို 
မြတ်ဗုဒ္ဓက တားတယ်။
နောက်ဘုန်းတော်များကျ 
အသားႁပြမ္းတဲ့
သလေးဆွမ်းကိုတောင် 
နှာခေါင်းရှုံ့ကြဦးမယ်တဲ့ ။

နှစ်၂၅၀၀ကျော်ကို
လှမ်းကြည့်ပြီး
ပစ်ပေါက်လိုက်တဲ့
စကားတစ်ခွန်းက
နျုကလီးယားထိပ်ဖူးတပ်
ဒုံးကျည်ထက်
အဆတရာမက ပြင်းတယ်။

ထိချက်က တစ်ဆံခြည်မလွဲ
ဒီကနေ့
အားလုံးနဖူးတည့်တည့်မှာ
သွေးစွန်းအောင် မှန်နေပြီပဲလေ။       ။

အရှင်ကုမာရ ( ပခုက္ကူ  )

        *************

No comments:

Post a Comment

ကုသိုလ် စွမ်းအား

 ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...