Wednesday, October 23, 2019

ယသော်ဓရာ

ဟောဒီ ဘဒ္ဒကမ္ဘာမှာ ...

အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက 
ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော်

ယသော်ဓယာဒေဝီ ပါပဲ 

ဒီပင်္ကရာဘုရားရှင်လက်ထက်မတိုင်မီ ရှေ့ဘုရားရှင်တစ်ဆူလက်ထက်မှာကထဲက သူကပါရမီဖြည့်ဖက်အဖြစ် ဆုတောင်းခဲ့တယ် ။

ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ဗျာဒိတ်ပေးတော့လည်း သုမေဓာရှင်ရသေ့လေးကို ချစ်ခင်မြတ်နိုးလွန်းလို့ ပါရမီဖြည့်ဖက်ဖြစ်ပါရစေလို့ ဆုတောင်းခဲ့ပြန်တယ် ။

တကယ့် Platonic Love 

နောက်ဆုံးဘဝ ကြင်ယာတော်သိဒ္ဓထ္ထမင်းသားတောထွက်တော်မူသွားတဲ့အခါကျတော့

အထောက်တော်တွေကို စေလွှတ်ပြီးစုံစမ်းခိုင်းတယ်

သိဒ္ဓထ္ထမင်းသားက ဆွမ်းတစ်နပ်ပဲစားတော့တယ်ဆိုရင် သူလည်း တစ်နပ်ပဲစားတယ်

သိဒ္ဓထ္ထမင်းသားက သစ်သီးကိုပဲ သုံးဆောင်တော့တယ်ဆိုရင် သူလည်းသစ်သီးကိုပဲ စားတော့တယ်။

သူ့ချစ်သူသိဒ္ဓထ္ထမင်းသားဘုရားဖြစ်ဖို့ကျင့်ကြံအားထုတ်ရင်းမြေမှာအိပ်တယ်လို့ သူသိရရင် ... 
သူလည်း သလွန်ပေါ်ကဆင်းပြီး မြေမှာပဲဆင်းအိပ်တယ် ။

တကယ့်ကိုပါရမီဖြည့်ဖက်ပီသစွာ  သူ နေထိုင်ခဲ့တယ် ။

ပထမဆုံးအကြိမ် ... 
ဘုရားရှင်က ကပ္ပိလဝတ်ကို ကြွတော်မူလာတော့ ..
ဘုရားရှင်ရဲ့ ခြေတော်စုံကို သူ့ရဲ့ဆံပင်တွေနဲ့ပွတ်ပြီး ဝမ်းနည်း ဝမ်းသာသည်းထန်စွာငိုကြွေးတော့တယ် ။

ခွဲခွာခဲ့ရတာ ၈ နှစ်လောက်ကြာခဲ့ပြီလေ

သားတော်ရာဟုလာကို ဒါ မင်းရဲ့အဖေပဲ အမွေသွားတောင်းချေလို့ ထည့်ပေးလိုက်တယ် ။

တကယ်က အဖေနဲ့သားကို အတူဆုံစေချင်တဲ့စေတနာလို့ထင်မိတယ် ။

ဒီလိုနဲ့ သူကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ တရားတွေကိုနာကြားရပြီး  သူလည်းရဟန္တာဖြစ်တော်မူတယ် ။

ယသော်ဓယာဒေဝီထေရီမဟာ ပရိနိဗ္ဗာန်ပြုရမယ့်အချိန်ဆိုတာသိရပြီဆိုတာနဲ့ တရားအားထုတ်ဖော် ထေရီမတစ်ထောင်ကို ခေါ်ပြီး ဘုရားဆီကိုကြွလာခဲ့တယ် ။

" ဒီနေ့ တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မယ်အရှင်ဘုရား " လို့ လျှောက်တယ် ။

ပြီးတော့ တစ်ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ဘဝပေါင်း များစွာ များစွာ ချစ်သူအဖြစ် လင်ယောကျာ်းအဖြစ် ချစ်မြတ်နိုးခဲ့ရတဲ့ ပါရမီဖြည့်ခဲ့ရတဲ့သူကို နောက်ဆုံးကြည့်ခြင်းနဲ့ ခုနှစ်ကြိမ်ပတ်ပြီး မမှိတ်မသုန်ကြည့်နေခဲ့တယ် ။

ပြီးတော့ သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာမဟုတ်တော့တဲ့သူနှစ်ယောက်ရဲ့ နောက်ဆုံးနှုတ်ဆက်စကား ( ဥဒါန်း) တစ်ခွန်းကိုဆိုလိုက်တယ် ...

" အရှင်ဘုရား ...
တပည့်တော်မ ဟာ ... အရှင်ဘုရားကို ဘဝအဆက်ဆက် ပါရမီဖြည့်ဖက်အဖြစ် အမြဲတမ်းအတူတူရှိနေခဲ့ပါတယ်ဘုရား

အရှင်ဘုရားမဖြစ်ခင်ဘဝ ကြီးကျယ်မြင့်မြတ်တဲ့ဘဝတွေကို အတူတကွခံစား စံစားခဲ့ကြသလို ...

ဆင်းရဲဒုက္ခတွေကို အတူခံစားခဲ့ကြပါတယ် ဘုရား 🙏🙏🙏

ချမ်းသာခြင်းကို အတူခံစားခဲ့ကြသလို ...
 ဆင်းရဲဒုက္ခကြုံရတဲ့အခါမှာလည်း မငြိုငြင်ခဲ့ပါဘူးအရှင်ဘုရား ... " လို့ လျှောက်တယ် ။

ပြီးတော့ ကောင်းကင်ကိုစျာန်နဲ့ပျံကြွရင်း...

ဆင်ရုပ် ၊မြင်းရုပ် ၊သိကြားမင်းရုပ်၊နဂါးရုပ်၊ ဂဠုန်ရုပ်စတဲ့ ... နာနာရုပ်တွေကို သူ့ရဲ့တန်ခိုးနဲ့ဖန်ဆင်းပြီးမြတ်စွာဘုရားကို အထပ်ထပ်ပူဇော်တယ် ။

အဲဒီနောက် ကောင်းကင်မှာပဲ ပရိနိဗ္ဗာန်ပြုပြီး တေဇောဓာတ်မီး လောင်တော်မူတယ် ။

ယသော်ဓယာဒေဝီဟာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းများနဲ့ သံသရာတစ်လျှောက်လုံး ချစ်ခဲ့တဲ့သူ ... 

ကိုယ်ချစ်တဲ့သူကို နောင်ဘဝအထိ 
သံသရာအဆက်ဆက်ထိ ကောင်းစေလိုတဲ့ စေတနာနဲ့ မငြီးမငြူပါရမီဖြည့်ခဲ့တဲ့ 
အချစ်တတ်ဆုံးသူပါ ...

ကလျာဏမိတ္တတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေနဲ့ ကိုယ့်ချစ်သူကို သံသရာတစ်လျောက်လုံး အရှုံးအမြတ်မတွက်ပဲ ချစ်ပြသွားခဲ့တဲ့ ယသော်ဓယာဒေဝီဟာ

လောကီ လောကုတ္တရာ အခြေအနေ ၂ မျိုးစလုံးမှာ
အချစ်တတ်ဆုံး မိန်းမတစ်ယောက်အဖြစ်
မှတ်တမ်းတင်စရာဖြစ်သွားစေတော့တယ်

🌻🌻🌻  🌼🌼🌼🌼🌼  🌻🌻🌻

.{ Ref : ဆရာကြီးငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီနှင့် 
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ၏တရားတော် }
Credit : pandora

No comments:

Post a Comment

ကုသိုလ် စွမ်းအား

 ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...