လွမ်းနေရင်တောင်
လွမ်းတယ်မပြောတော့ဘူး
ခင်ဗျားဖြစ်တည်မှုမှာ
ကျွန်တော့်တစ်စုံတစ်ရာကိုမှ မလိုအပ်ခဲ့တာပဲ
ကွန်းခိုမိတဲ့ တံစက်မြိတ်လေးကို
ခဏအေးစေခဲ့လို့ပဲ
ကျေးဇူးတင်ပါရစေ
တစ်ယောက်တည်းလာပြီး
တစ်ယောက်တည်းပြန်ပါဦးမယ်
ဘယ်အရာကိုမှ သိမ်းမထားချင်ခဲ့ပေမယ့်
ဖုန်းနံပါတ်လေးကိုတော့ ဖျက်မပစ်ရက်ခဲ့ဘူး
စိတ်ချပါ
မတော်တဆဖြစ်စေ
အကြောင်းတိုက်ဆိုင်လို့ ပြန်ဆုံကြတဲ့အခါ
ကျွန်တော့်ကမ္ဘာလေး
ခင်ဗျားထားသွားတုန်းကထက်
ပိုပြီး ချစ်ခင် နှစ်လိုဖွယ် အရပ်ဒေသလေးအဖြစ်
တည်ရှိနေစေရပါမယ်လို့
ကတိပေးပါတယ်
ဒါ မေတ္တာတရားအပေါ်
ကျွန်တော့် ဖွင့်ဆိုမှုပါ
No comments:
Post a Comment