အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက
ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော်
ယသော်ဓယာဒေဝီ ပါပဲ
ဒီပင်္ကရာဘုရားရှင်လက်ထက်မတိုင်မီ ရှေ့ဘုရားရှင်တစ်ဆူလက်ထက်မှာကထဲက သူကပါရမီဖြည့်ဖက်အဖြစ် ဆုတောင်းခဲ့တယ် ။
ဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ဗျာဒိတ်ပေးတော့လည်း သုမေဓာရှင်ရသေ့လေးကို ချစ်ခင်မြတ်နိုးလွန်းလို့ ပါရမီဖြည့်ဖက်ဖြစ်ပါရစေလို့ ဆုတောင်းခဲ့ပြန်တယ် ။
တကယ့် Platonic Love
နောက်ဆုံးဘဝ ကြင်ယာတော်သိဒ္ဓထ္ထမင်းသားတောထွက်တော်မူသွားတဲ့အခါကျတော့
အထောက်တော်တွေကို စေလွှတ်ပြီးစုံစမ်းခိုင်းတယ်
သိဒ္ဓထ္ထမင်းသားက ဆွမ်းတစ်နပ်ပဲစားတော့တယ်ဆိုရင် သူလည်း တစ်နပ်ပဲစားတယ်
သိဒ္ဓထ္ထမင်းသားက သစ်သီးကိုပဲ သုံးဆောင်တော့တယ်ဆိုရင် သူလည်းသစ်သီးကိုပဲ စားတော့တယ်။
သူ့ချစ်သူသိဒ္ဓထ္ထမင်းသားဘုရားဖြစ်ဖို့ကျင့်ကြံအားထုတ်ရင်းမြေမှာအိပ်တယ်လို့ သူသိရရင် ...
သူလည်း သလွန်ပေါ်ကဆင်းပြီး မြေမှာပဲဆင်းအိပ်တယ် ။
တကယ့်ကိုပါရမီဖြည့်ဖက်ပီသစွာ သူ နေထိုင်ခဲ့တယ် ။
ပထမဆုံးအကြိမ် ...
ဘုရားရှင်က ကပ္ပိလဝတ်ကို ကြွတော်မူလာတော့ ..
ဘုရားရှင်ရဲ့ ခြေတော်စုံကို သူ့ရဲ့ဆံပင်တွေနဲ့ပွတ်ပြီး ဝမ်းနည်း ဝမ်းသာသည်းထန်စွာငိုကြွေးတော့တယ် ။
ခွဲခွာခဲ့ရတာ ၈ နှစ်လောက်ကြာခဲ့ပြီလေ
သားတော်ရာဟုလာကို ဒါ မင်းရဲ့အဖေပဲ အမွေသွားတောင်းချေလို့ ထည့်ပေးလိုက်တယ် ။
တကယ်က အဖေနဲ့သားကို အတူဆုံစေချင်တဲ့စေတနာလို့ထင်မိတယ် ။
ဒီလိုနဲ့ သူကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ တရားတွေကိုနာကြားရပြီး သူလည်းရဟန္တာဖြစ်တော်မူတယ် ။
ယသော်ဓယာဒေဝီထေရီမဟာ ပရိနိဗ္ဗာန်ပြုရမယ့်အချိန်ဆိုတာသိရပြီဆိုတာနဲ့ တရားအားထုတ်ဖော် ထေရီမတစ်ထောင်ကို ခေါ်ပြီး ဘုရားဆီကိုကြွလာခဲ့တယ် ။
" ဒီနေ့ တပည့်တော် ပရိနိဗ္ဗာန် ပြုပါတော့မယ်အရှင်ဘုရား " လို့ လျှောက်တယ် ။
ပြီးတော့ တစ်ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ဘဝပေါင်း များစွာ များစွာ ချစ်သူအဖြစ် လင်ယောကျာ်းအဖြစ် ချစ်မြတ်နိုးခဲ့ရတဲ့ ပါရမီဖြည့်ခဲ့ရတဲ့သူကို နောက်ဆုံးကြည့်ခြင်းနဲ့ ခုနှစ်ကြိမ်ပတ်ပြီး မမှိတ်မသုန်ကြည့်နေခဲ့တယ် ။
ပြီးတော့ သံသရာမှာ ဘယ်တော့မှ ပြန်ဆုံမှာမဟုတ်တော့တဲ့သူနှစ်ယောက်ရဲ့ နောက်ဆုံးနှုတ်ဆက်စကား ( ဥဒါန်း) တစ်ခွန်းကိုဆိုလိုက်တယ် ...
" အရှင်ဘုရား ...
တပည့်တော်မ ဟာ ... အရှင်ဘုရားကို ဘဝအဆက်ဆက် ပါရမီဖြည့်ဖက်အဖြစ် အမြဲတမ်းအတူတူရှိနေခဲ့ပါတယ်ဘုရား
အရှင်ဘုရားမဖြစ်ခင်ဘဝ ကြီးကျယ်မြင့်မြတ်တဲ့ဘဝတွေကို အတူတကွခံစား စံစားခဲ့ကြသလို ...
ဆင်းရဲဒုက္ခတွေကို အတူခံစားခဲ့ကြပါတယ် ဘုရား 🙏🙏🙏
ချမ်းသာခြင်းကို အတူခံစားခဲ့ကြသလို ...
ဆင်းရဲဒုက္ခကြုံရတဲ့အခါမှာလည်း မငြိုငြင်ခဲ့ပါဘူးအရှင်ဘုရား ... " လို့ လျှောက်တယ် ။
ပြီးတော့ ကောင်းကင်ကိုစျာန်နဲ့ပျံကြွရင်း...
ဆင်ရုပ် ၊မြင်းရုပ် ၊သိကြားမင်းရုပ်၊နဂါးရုပ်၊ ဂဠုန်ရုပ်စတဲ့ ... နာနာရုပ်တွေကို သူ့ရဲ့တန်ခိုးနဲ့ဖန်ဆင်းပြီးမြတ်စွာဘုရားကို အထပ်ထပ်ပူဇော်တယ် ။
အဲဒီနောက် ကောင်းကင်မှာပဲ ပရိနိဗ္ဗာန်ပြုပြီး တေဇောဓာတ်မီး လောင်တော်မူတယ် ။
ယသော်ဓယာဒေဝီဟာ ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းများနဲ့ သံသရာတစ်လျှောက်လုံး ချစ်ခဲ့တဲ့သူ ...
ကိုယ်ချစ်တဲ့သူကို နောင်ဘဝအထိ
သံသရာအဆက်ဆက်ထိ ကောင်းစေလိုတဲ့ စေတနာနဲ့ မငြီးမငြူပါရမီဖြည့်ခဲ့တဲ့
အချစ်တတ်ဆုံးသူပါ ...
ကလျာဏမိတ္တတစ်ယောက်ရဲ့ ဖြည့်ဆည်းမှုတွေနဲ့ ကိုယ့်ချစ်သူကို သံသရာတစ်လျောက်လုံး အရှုံးအမြတ်မတွက်ပဲ ချစ်ပြသွားခဲ့တဲ့ ယသော်ဓယာဒေဝီဟာ
လောကီ လောကုတ္တရာ အခြေအနေ ၂ မျိုးစလုံးမှာ
အချစ်တတ်ဆုံး မိန်းမတစ်ယောက်အဖြစ်
မှတ်တမ်းတင်စရာဖြစ်သွားစေတော့တယ်
🌻🌻🌻 🌼🌼🌼🌼🌼 🌻🌻🌻
.{ Ref : ဆရာကြီးငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီနှင့်
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ၏တရားတော် }