((( ပြဿ နာရှာတဲ့လူ
)))
[ ၁ ]
တစ်ခါတုန်းက သတင်းထောက်တစ်ယောက်ဟာ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးတစ်ယောက်ကို " အရှေ့အလယ်ပိုင်းမှာ ဘာပြဿ နာတွေဖြစ်နေတာလဲ"လို့ မေးသတဲ့။
ဗိုလ်ချုပ်ကြီးက အေးအေးဆေးဆေးလေးနဲ့ "အရှေ့အလယ်ပိုင်းမှာ ဘာပြဿ နာမှ မရှိပါဘူး"လို့ပြန်ဖြေသတဲ့။ ဗိုလ်ချုပ်ကြီးရဲ့စကားကို ကြားတော့ သတင်းထောက်က အံ့လည်းအံ့သြ၊ ကျေလည်း မကျေနပ်ဘူးပေါ့လေ။ ဒါနဲ့ စိတ်ဆိုး မာန်ဆိုးနဲ့ စောဒကတက်ပြီး မေးခွန်းထပ်ထုတ်တာပေါ့။
" ဟာ! ခင်ဗျား ဘယ်လိုပြောလိုက်တာလဲဗျ၊ ဒီလောက် ကျည်ဆန်တွေပလူပျံ၊ ဗုံးတွေ တဝုန်းဝုန်းကျဲ၊ စစ်သားတွေ အရပ်သားတွေ သောက်သောက်လဲသေနေတာကို ဘာပြဿ နာမှ မရှိဘူးလို့ ခင်ဗျားမို့ ပြောထွက်တယ်၊ အဲ့ဒါတွေက ပြဿ နာမဟုတ်လို့ ဘာလဲဗျ"
" ဟုတ်တယ်လေ၊ ငါပြောတာ ဘာမှားလို့လဲ၊ အရှေ့အလယ်ပိုင်းက ဘာပြဿ နာမှ မဖြစ်ဘူး၊ အင်း-အရှေ့အလယ်ပိုင်းတင်မကဘူး၊ သေနတ်တွေမှာရော၊ ဗုံးတွေမှာရော၊ ကျည်ဆန်တွေမှာရော ဘာပြဿ နာမှ မရှိဘူးရယ် "
" ဒါဆို ဘာကပြဿ နာဖြစ်နေတာလဲ ဗိုလ်ချုပ်ကြီးရဲ့ "
သတင်းထောက်က ဗိုလ်ချုပ်ကြီးရဲ့ အဖြေစကားတွေကို စိတ်မရှည်သလိုနဲ့ ခပ်ဆတ်ဆတ်ဖြတ်မေးလိုက်တော့ ဗိုလ်ချုပ်ကြီးကလည်း ခပ်ပြတ်ပြတ်ပဲ တစ်ခွန်းတည်းပြန်ဖြေသတဲ့။
" လူတွေ "
********************
[ ၂ ]
လူတွေရဲ့ ပြဿ နာပေါင်းသောင်းခြောက်ထောင်ကို နေ့တိုင်းကြားရမြင်ရတယ်။
ကားကြောင့်၊ ဆိုင်ကယ်ကြောင့်၊ အစားအသောက်ကြောင့်၊ အဝတ်အစားကြောင့်၊ မိဘကြောင့်၊ ဆရာ ဆရာမတွေကြောင့်၊ စာအုပ်ကြောင့်၊ သင်ကြားရေးစနစ်ကြောင့်၊ ဆိုင်ပိုင်ရှင်ကြောင့်၊ ပန်းခြံစောင့်ကြောင့်၊ ရဲကြောင့်၊ စစ်သားကြောင့်၊ အမတ်တွေကြောင့်၊ အစိုးရကြောင့်၊ ဒကာ-ဒကာမတွေကြောင့်၊ ရဟန်းသံဃာတွေကြောင့်၊ အတုတွေကြောင့်၊ အစစ်တွေကြောင့်၊ ချစ်သူကြောင့်၊ မုန်းသူကြောင့် . . . စသည်စသည်။
ဖြစ်လာတဲ့ပြဿ နာတိုင်းဟာ ကိုယ့်ကြောင့်လို့ ဘယ်တော့မှ တိုက်ရိုက်မတွေးမိကြဘူးရယ်။ မတွေးချင်ကြတာလည်း ဖြစ်မှာပေါ့။ တွေးမိကြတယ်ဆိုရင်လည်း တွေးမိတဲ့သူ အတော်နည်းမယ် ထင်တယ်။ ကိုယ်အပါအဝင် အများစုကတော့ ကိုယ်မဟုတ်တဲ့ သက်ရှိ/သက်မဲ့တစ်ခုခုကြောင့်လို့ အလွယ်တကူတွေးမိတတ်ကြတယ်။
အဲ့ဒီတော့ ပြဿ နာကို အဖြေရှာတဲ့အခါ ကိုယ့်ဆီမှာအဖြေမရှာတော့ပဲ အခြားသူ/အရာတွေဆီကိုပဲ မြားဦးလှည့် ရှာဖွေနေမိတတ်တယ်။ အဲ့ဒီလို ရှာဖွေတော့ အဖြေမတွေ့ဘူးလား။ တွေ့တယ်။ ဘယ်လိုအဖြေလဲ? ကိုယ်မလိုချင်တဲ့၊ ကိုယ်လက်မခံနိုင်တဲ့ အဖြေတွေ။ အခြားနေရာဆီကို အဖြေလိုက်ရှာတော့ အခြားအဖြေတွေပဲတွေ့မှာပေါ့။
အခြားအဖြေတွေတွေ့တော့ ဝမ်းသာအားရနဲ့ ရှင်းရမယ့်ပြဿ နာနဲ့ ဟပ်ကြည့်၊ ဆက်ကြည့်တယ်၊ ဖြေကြည့်တယ်။ အံမဝင်ဘူး၊ ခွင်မကျဘူး။ အဆင်မပြေဘူး။ လက်မခံနိုင်ဘူး။ "ဟ! ဒါက ဒီလိုမဖြစ်ရဘူးလေကွာ၊ ဟိုလိုဖြစ်ရမှာ''ဆိုပြီး ကိုယ်လိုချင်တဲ့အဖြေပုံစံကို အခြားသူ/အရာတွေဆီမှာ ဇွတ်ရော အတင်းပါ လိုက်ပုံသွင်းနေမိတယ်။
ဘယ်အချိန်မှာ အဆင်ပြေသွားလဲဆိုတော့ " အင်းပါ ဒီအဖြေလည်း သင့်တော်ပါတယ်၊ ဒါလည်း မဆိုးပါဘူး၊ ဒါကိုတော့ လက်ခံလို့ရပါတယ်"ဆိုတဲ့ အချိန်မျိုးမှာ 'ဘာကြောင့် ညာကြောင့်'ဆိုတာတွေနဲ့ အဆင်ပြေသွားတယ်။
အဲ့ဒါဟာ ပြဿ နာရဲ့အဖြေက ကောင်းလွန်း မှန်လွန်း သင့်တော်လွန်းလို့မဟုတ်ဘူး။ အဲ့ဒီပြဿ နာကို လက်ခံတဲ့ ကိုယ့်စိတ်ရဲ့ပုံစံကို ပြောင်းပစ်လိုက်နိုင်လို့ အဆင်ပြေသွားတာ။
********************
[ ၃ ]
အိမ်မှာ ကိုယ့်မိန်းမ (သို့မဟုတ် ) သားသမီးတွေက ဟင်းတစ်ခွက်ချက်တယ်။ ကိုယ်နဲ့ ကိုယ့်စိတ်အဆင်ပြေနေရင် ဟင်းက စားကောင်းတယ်။ ကိုယ်နဲ့ ကိုယ့်စိတ်အဆင်မပြေရင် စားမကောင်းဘူး။ ဟင်းက ပြဿ နာလား? ကိုယ်က ပြဿ နာလား?
ကိုယ့်သူငယ်ချင်းက သူခေါ်နေကျအတိုင်းပဲ ကိုယ့်ကို ဝက်ကြီးလို့ခေါ်တယ်။ မဲလုံးလို့ခေါ်တယ်။ ဂျပုလို့ခေါ်တယ်။ လောရှည်လို့ခေါ်တယ်။ လေးလုံးလို့ခေါ်တယ်။ မှန်ကြောင်လို့ခေါ်တယ်။ ကုလားလို့ခေါ်တယ်။ တရုတ်လို့ခေါ်တယ်။
ကိုယ်နဲ့ ကိုယ့်စိတ်အဆင်ပြေနေရင် ပြန်ထူးတယ်။ ကိုယ်နဲ့ကိုယ့်စိတ်အဆင်မပြေရင် 'ငါ့ကို အဲ့ဒီလိုမခေါ်နဲ့ မကြိုက်ဘူး'ဆိုတာမျိုးက စ,ပြီး ဆဲတာ ဆိုတာတွေအထိ ပြဿ နာမီး ပွားသွားရော။ အဲ့ဒါ နာမည်ပြောင်က ပြဿ နာလား? ကိုယ်က ပြဿ နာလား?
အရမ်းချစ်ကြတဲ့သူနှစ်ယောက် လူတိုင်းကြုံနေကျ လူမှုရေးကိစ္စတစ်ခုကြုံတယ်။ သူတို့ရဲ့ ကိုယ်နဲ့ စိတ်အဆင်ပြေနေကြရင် လူမှုရေးကိစ္စကို နှစ်ယောက်တိုင်ပင်ကြတယ်။ ကိုယ်နဲ့စိတ် အဆင်မပြေကြရင် အဲ့ဒီလူမှုရေးကိစ္စဟာ ပြဿ နာအကြီးအကျယ်ဖြစ်သွားရော။ အဲ့ဒါလူမှုရေးကိစ္စက ပြဿ နာလား? ကိုယ်က ပြဿ နာလား?
ဒါ မြင်သာထင်သာတဲ့ ဥပမာ နှစ်ခု - သုံးခု ထုတ်ပြတာပေါ့လေ။ ဆိုလိုချင်တာက ကိုယ်တွေရဲ့ နေ့စဉ်ဘဝမှာ ပြဿ နာဆိုတာက ကြီးတာငယ်တာကလွဲရင် မလွှဲမရှောင်သာကြုံရမယ့် အရေးတစ်ခုပဲ။ အမူအရာနဲ့ဖြစ်စေ စကားလုံးနဲ့ဖြစ်စေ စတင်လာတဲ့ ပြဿ နာတစ်ခုကို အဆုံးသတ်ဖို့ဆိုရင် လက်ခံတဲ့ပုံစံကို ပြောင်းလိုက်ဖို့ပါပဲ။
အစားအသောက်တစ်ခုခုဟာ ဘယ်သူချက်တယ်၊ ဘယ်လိုချက်တယ်ဆိုတာထက် ကိုယ်ကြိုက်လား, မကြိုက်ဘူးလားဆိုတဲ့အပေါ်မူတည်ပြီး အဲ့ဒီဟင်း ကောင်းတယ် မကောင်းဘူးဖြစ်သွားမှာ။ ဒါဆို ပရမတ္ထသဘောတရားအရ ပုပ်ဟောင်နံစော်နေတဲ့အရာကို ကိုယ်နှစ်သက်ရုံနဲ့ မွှေးကြိုက်နေပါတယ်လို့ လက်ခံရမှာလား?လို့ မေးစရာရှိတယ်။
အဖြေက လွယ်ပါတယ်။ မစင်ထဲက လောက်ကောင်တွေအတွက် မစင်တွေဟာ အာဟာရပဲ။ အပုပ်အစပ်ကြိုက်တဲ့ လင်းတတွေအတွက် အပုပ်အစပ်တွေဟာ နတ်သုဒ္ဓါပဲလေ။ ဘာအငြင်းပွားစရာရှိမှာလဲ နော့။
[ ၄ ]
" လူ့လောက၌၊ သူများအမိုက်၊ ကိုယ်၌ထင်ကာ၊ သိလွယ်စွာ၏၊ ကိုယ်မှာမိုက်ငြား၊ ကိုယ့်အမှားကို၊ ကိုယ်ကအမြဲ၊ သိနိုင်ခဲ၏၊ ခပဲပုံယင်၊ ဤလူရှင်ကား၊ ကိုယ်ပင်ကိုယ်သာ၊ ကိုယ်လိမ္မာဟု၊ အရာတိုင်းမှတ်၊ ထင်မှားတတ်၏ "
-------------------(မဃဒေဝ၊ ၃၉၄။)
ပြဿ နာတွေမပြေလည်တဲ့အကြောင်းတွေထဲက တစ်ချက်ကတော့ ကိုယ့်ကိုယ်ကို အမြဲမှန်တယ်လို့ ထင်တာပဲ။
ပြဿ နာတစ်ခုခုဖြစ်ပြီဆိုရင် ကိုယ့်ကြောင့်လို့ ဘယ်တော့မှ မထင်ဘူး။ ကိုယ့်ကိုယ်ကိုတော့ မမှားဘူးထင်တာကိုး။ ကိုယ့်ကိုယ်ကို မထင်တော့ ဘယ်သူ့ထင်လဲဆိုတော့ ကိုယ်မဟုတ်တဲ့၊ ကိုယ်ဆုပ်ကိုင်ထားတဲ့ အမှန်တရားကို မထိခိုက်စေမယ့် ပြဿ နာနဲ့ဆက်စပ်ရာ သက်ရှိ/သက်မဲ့ အကုန်လုံးကိုထင်တယ်။
ဒီတော့ ပြဿ နာကို ကောက်ချက်ဆွဲတဲ့အခါ ကိုယ့်ပြင်ပကို ဗဟိုပြုပြီး ကောက်ချက်ဆွဲတယ်။ ရလာတဲ့အဖြေက ကိုယ့်ပြင်ပက အဖြေပဲ။ အဲ့ဒီအဖြေက ကိုယ့်ပြဿ နာနဲ့ မကိုက်ညီသေးဘူး၊ ကိုယ့်ပြဿ နာနဲ့ အံဝင်ခွင်ကျမဖြစ်သေးဘူးဆိုရင် မကိုက်ကိုက်အောင်၊ အံမဝင် ဝင်အောင် လိုက်ညှိတယ်။ ကိုယ်နဲ့မကိုက်လို့ ညှိလေလေ၊ အဆင်မပြေဖြစ်လေလေ၊ ပြဿ နာရဲ့အဖြေနဲ့ဝေးလေလေ (ဒါမှမဟုတ်)ပြဿ နာပိုကြီးထွားလေလေ။
ကြာတော့ ကိုယ့်စိတ်နဲ့ကိုယ် ပင်ပန်းပြီး 'ဘာလုပ်ရမှန်းကို မသိတော့ဘူး'ဆိုတာမျိုးဖြစ်သွားရော။ တစ်ဖက်သားကို နိုင်လိုတဲ့စိတ်၊ အပြစ်တင်လိုတဲ့စိတ်၊ ကိုယ်မှန်ကြောင်းပြသလိုတဲ့စိတ်၊ သူမှားကြောင်းပေါ်လွင်စေလိုတဲ့စိတ် စတာတွေကို လုံးပမ်းနေရတာနဲ့ ကိုယ့်စိတ်ကို ပြောင်းလိုက်ဖို့တော့ မေ့မေ့နေတတ်တာကိုး။
သဘာဝရှုခင်းတစ်ခုရှိတယ်ဆိုပါစို့။ သစ်ပင်တွေမရှိတော့တဲ့ တောင်ခြေရင်းက ရိုးပြတ်ငုတ်တိုနဲ့ လယ်ကွက်တွေ ပိုးလို့ပက်လက်ပဲ။ ကန်သင်းမှာ ထန်းပင် သုံးလေးပင်နဲ့၊ လယ်စောင့်တဲလေးနဲ့။ အဲ့ဒီရှုခင်းကို ပန်းချီဆရာရယ်၊ ကဗျာဆရာရယ်၊ ရဟန်းတစ်ပါးရယ် မြင်ကြတယ်ထား။
ပန်းချီဆရာအတွက် တောင်တန်းနဲ့ လယ်ကွင်းတွေဟာ ပန်းချီကားတစ်ချပ်။ကဗျာဆရာက တောင်တန်းရဲ့ မြင့်မားမှုနဲ့ လယ်ကွင်းတွေရဲ့ ကျယ်ပြန့်ပုံအကြောင်း ကဗျာတစ်ပုဒ်ရေးချင်ရေးမယ်။ ဘုန်းကြီးအတွက်တော့ "အနုတ္တရံ ပုညခေတ္တံ လောက ဿ" ဆိုတဲ့ ကောင်းမှုမျိုးစေ့ကို ကြဲချရာ လယ်ယာမြေကောင်းသဖွယ်ဆိုတဲ့ သံဃာ့ဂုဏ်တော်အကြောင်း တရားတစ်ပုဒ်ရချင် ရသွားမယ်။
ပြောချင်တာက ပြဿ နာဖြစ်ခြင်း မဖြစ်ခြင်းဟာ အဖြစ်အပျက်အပေါ် ကိုယ်ဘယ်လိုချဉ်းကပ်သလဲဆိုတဲ့အပေါ်မူတည်တယ်ဆိုတာကိုပါ။ ဆိုင်ကယ်ချင်း ချိတ်မိရာက ရုံးရောက် ဂတ်ရောက်နဲ့ တစ်သက်လုံးရန်သူတွေဘဝ ရောက်သွားနိုင်သလို၊ သမီးရည်းစားချစ်သူတွေဘဝနဲ့ တစ်သက်လုံးစာ လက်တွဲဖော်လည်း ဖြစ်သွားနိုင်တယ်မဟုတ်လား?
ပြဿ နာတစ်ခုခုကို အဆုံးသတ်ဖို့ဆိုတာ ကြုံလိုက်ရတဲ့အဖြစ်အပျက်ကို ကိုယ့်စိတ်က လက်ခံတဲ့ပုံစံပြောင်းလဲလိုက်ဖို့တစ်ခုတည်းပါပဲ။
နေ့စဉ်ဘဝမှာ ပြဿ နာကင်းကင်းနဲ့ အစစအရာရာ အဆင်ပြေပျော်ရွှင်ကြပါစေလေ။
အရှင်ကောသလ္လ(ရေဦး)
၂၅၊ ၆၊ ၂၀၁၈။
Subscribe to:
Post Comments (Atom)
ကုသိုလ် စွမ်းအား
ကုသိုလ် စွမ်းအား 💟😊😇☸️🥰😊😇 ဘာကိုအကြောင်းပြုပြီး ပြုတဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်မှန်သမျှ- *အနဝဇ္ဇ=အပြစ်ကင်းခြင်း၊ *သုခဝိပါက=ချမ်းသာကျို...

-
ဟောဒီ ဘဒ္ဒကမ္ဘာမှာ ... အချစ်တတ်ဆုံးအမျိုးသမီး ၊ ရိုမန်တစ်အဆန်ဆုံးအမျိုးသမီးက ဘုရားအလောင်းတော် သိဒ္ဓထ္ထမင်းသားရဲ့ ကြင်ယာတော် ယသေ...
-
ဘုန်းကြီးတပါးရေးတဲ့ကဗျာ "မြို့ကြီးပြကြီးနဲ့သာသနာ့ရေစီးကြောင်း" မြို့နယ်သံဃနာယက ဆိုင်းဘုတ်နဲ့ကျောင်းဆောင်ကို ခေါင်းထော...
-
မကြာခင် တစ်ဆောင်းသစ်ဦးတော့မယ် အေးစိမ့်တဲ့ညတွေရောက်တိုင်း အချမ်းလုံအောင် လက်ပိုက်ထားမယ် အိတ်ပါတဲ့ အနွေးထည်လေး ရွေးဝယ်မယ် တစ်ယောက်ထဲချမ်း...
No comments:
Post a Comment